ပဲခူး ၂၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထန်းတပင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ် မဲဘလန်ကျေးရွာအုပ်စု၊ မဲဘလန် ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းကာ မဲဘလန်ကျေးရွာ၊ မိချောင်းခေါင်းကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာများတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ပြီး ဒေသခံပြည်သူများအား လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့များက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရေး အသိပညာပေးပြောကြားပြီး ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ပြီး လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခြင်း၊ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ဆွေးနွေးဖြည့်ဆည်းပေးခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)