နွားထိုးကြီး ၁၀ နိုဝင်ဘာ
နွားထိုးကြီးမြို့၏ အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာပြခန်းများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများမှလည်း လက်တွေ့စမ်းသပ်ခန်းများဖြင့် လာရောက်ပြသ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့၏ ကလေးစာပေပွဲတော်တွင် မြင်းခြံ UNITY ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပြခန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုကို ကျောင်းအုပ်ကြီး ဦးမြင့်ဆွေမှ ပြောပြရာတွင် မိမိတို့ကျောင်းအနေဖြင့် ပထမဆုံးအကြိမ် လာရောက်ပြသခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းအမျိုးမျိုး(Teaching Aids)ကိုပြသခြင်း၊ လက်တွေ့လုပ်ဆောင်စေခြင်းများ၊ ဓာတ်ငွေ့ထုတ်ဖော်ခြင်းကို လက်တွေ့ဆောင်စေခြင်း၊ ဆပ်ပြာချက်လုပ်ခြင်း၊ ဖားတိရိစ္ဆာန်အကောင်ကို လက်တွေ့ခွဲစိတ်ခြင်းများကို လာရောက်သည့် ကျောင်းသား ကျောင်းသူများကိုယ်တိုင် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ထားကြောင်း၊ သင်ကြားရေးနှင့် ပတ်သက်သော ကစားနည်းအမျိုးမျိုးကိုလည်း ကစားနိုင်အောင် ဆောင်ရွက်ထားကြောင်း၊ ယခုလိုပွဲမျိုးများကို များများပြုလုပ်ပေး စေချင်ကြောင်းနှင့် မိမိတို့ကျောင်းကို ဖိတ်ကြားပါက လာရောက်ပြသ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောပြသည်။
ထို့အတူ နွားထိုးကြီးမြို့ စွမ်းထက်သာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပြခန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုကို ကျောင်းတည်ထောင်အုပ်ချုပ်သူ ဦးကျော်ကျော်မှလည်း မိမိတို့ကျောင်းအနေဖြင့် ပထမဆုံးအကြိမ် ပါဝင်ပြသခြင်းဖြစ်ကြောင်း၊ လာရောက်ကြသူ ကျောင်းသားကျောင်းသူများအတွက် ရူပဗေဒဘာသာရပ်ကို လက်တွေ့ဆောင်ရွက်စေခြင်းနှင့် သင်ကြားပေးခြင်း၊ ကလေးစာပေစာအုပ်များ ပြသထားပြီး အခမဲ့ပေးဝေမည်ဖြစ်ကြောင်း၊ အခြားဒေသ ကျောင်းများမှလည်း ပြသခိုင်းပါက စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားစေလိုပြီး ကျောင်းသားကျောင်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် စာတွေ့လက်တွေ့ ပေါင်းစပ်ဆောင်ရွက်ကာ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောပြသည်။ ထို့အပြင် အဆိုပါပြခန်းများသို့ လာရောက်သည့် ကျောင်းသားကျောင်းသူများမှလည်း ယခုကဲ့သို့ လက်တွေ့ပါဝင်ဆောင်ရွက်ရသည့် သင်ခန်းစာများကို စိတ်ဝင်စားကြောင်းအား နွားထိုးကြီးမြို့ အ.ထ.က နဝမတန်းမှ ကျောင်းသားမောင်ဇာနည်မှလည်း ဓာတုဗေဒ ဘာသာရပ်များကို ယခုလိုလက်တွေ့ဆောင်ရွက်ရသဖြင့် စာကျက်ရသည်ထက် မှတ်မိလွယ်ကြောင်း သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားရခြင်းသည် စိတ်ဝင်စားပြီး မှတ်မိလွယ်ကာ ပျော်ရွှင်စရာကောင်းကြောင်းကိုလည်း ပြောပြသည်။
ဇော်မင်းနိုင်(မြင်းခြံ)