ကိုဗစ်ရောဂါ ကာကွယ်ရေးကို တစ်ဦးတစ်ယောက်မှ ဖောက်ဖျက်လို့ မဖြစ်ပါဘူး။ တစ်ဦးတစ်ယောက် ဖောက်ဖျက်လိုက်တာနဲ့ ဒီရောဂါကူးစက်မှုကွင်းဆက်က ကျိုးပေါက်သွားမှာ ဖြစ်ပါတယ်      

===========================================

ပါမောက္ခဒေါက်တာဇော်ဝေစိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး  ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က  စက်တင်ဘာ ၂၁ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]

ရန်ကုန်တိုင်းဒေသကြီးမှာ Positive လူနာတွေ့ရှိမှုအနေနဲ့ ၅၀၀ ပတ်ဝန်း ကျင်မှာ  ရှိနေတုန်းဖြစ်ပါတယ်။  ဒါကြောင့်  ကျွန်တော်တို့အနေနဲ့  ယခင်က လူနာ ၃၀၀ / ၄၀၀ အတွက် ပြင်ဆင်တာကနေ ယခု လူနာ ၅၀၀ / ၆၀၀အတွက် ပြင်ဆင်လာရပါတယ်။

ဒါကြောင့်   စက်တင်ဘာ  ၂၀  ရက်မှာ   နိုင်ငံတော်က  Stay  at  Home ကြေညာပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ရခြင်းက ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။  ဒီရောဂါမျိုးက  ကူးစက်မှုကို  ထိန်းချုပ်နိုင်မှသာ  တစ်ဖက်ကကုသမှုနဲ့   စောင့်ရှောက်မှုအပိုင်းတွေဟာ   ပိုင်ပိုင်နိုင်နိုင်   ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။  ဒါကြောင့်  ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက်  အဆင့် နောက်တစ်ဆင့်   တက်တဲ့အနေနဲ့    ဒီကြေညာချက်ကို    ထုတ်ပြန်ရခြင်း  ဖြစ်ပါတယ်။

နောက်တစ်ဖက်က    ကူးစက်မှုကို    ထိန်းချုပ်ဖို့    ကြိုးစားတဲ့အနေနဲ့ ဆေးတက္ကသိုလ်တွေက  ဆရာ ၄၀ နဲ့  ဘွဲ့လွန်/ ဘွဲ့ကြို  ကျောင်းသား ၂၀၀ ပါဝင်တဲ့ Contact Tracing လုပ်ငန်းတွေမှာ အားဖြည့်ဆောင်ရွက်ဖို့အတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ ယခုလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီ  Contact Tracing   လုပ်ငန်းက   အဓိက ကျပါတယ်။   Contact Tracing ကနေပြီး ကူးစက်မှုကွင်းဆက်ကို  ဖြတ်နိုင်မှသာလျှင် ကျွန်တော်တို့ရဲ့ ကိုဗစ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းက အောင်မြင်မှာ ဖြစ်ပါတယ်။

အလားတူ ယမန်နေ့က ကွန်ပျူတာတက္ကသိုလ်တွေနဲ့ စက်မှုတက္ကသိုလ် တွေက   ပါမောက္ခချုပ်များနဲ့   ဒီကပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့   ဆွေးနွေးခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသတဲ့နေရာမှာ  ဒေတာ (Data) နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် Zoom Meeting နဲ့  ဆွေးနွေးခဲ့ပါတယ်။   ဒီလုပ်ငန်းမှာ  တက္ကသိုလ်အသီးသီးက  တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတာကို သိရတဲ့အတွက် အထူးဝမ်းသာပါတယ်။ အားလည်း ရပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမ တက္ကသိုလ်တွေကို လည်း ဒီကနေတစ်ဆင့် ဖိတ်ခေါ်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

ကျွန်တော်တို့ကို ကူညီအားဖြည့်တဲ့အနေနဲ့ ကျန်းမာရေးဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာ ကျော်မြင့် ဦးဆောင်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအဖွဲ့က  အဖွဲ့ဝင် ခုနစ်ဦးနဲ့အတူ  ဝိုင်းဝန်းပြီး  ဆေးဘက်နည်းပညာပိုင်းဆိုင်ရာများကို ကူညီပံ့ပိုးပေးကြမှာ ဖြစ်ပါတယ်။ ဒီလို ဆရာဝန်ကြီးတွေ က     ဦးဆောင်လမ်းညွှန်မှုတွေ၊  အကြံဉာဏ်တွေ ပေးမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ အထူးဝမ်းသာပါတယ်။ အားလည်းရှိလာပါတယ်။ ဒီလိုမျိုးအတွေ့ အကြုံရှိ   ဆရာကြီးတွေက   သူတို့ရဲ့   အတွေ့အကြုံတွေကို  မျှဝေပေးခြင်းနဲ့ အကြံဉာဏ်ပေးမှုတွေ၊    အားပေးမှုတွေက    ကျွန်တော်တို့ရဲ့   ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေးအပိုင်းမှာ ပါဝင်လာမှာဖြစ်တဲ့အတွက် အင်အားပိုပြီး ကောင်းလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုဗစ်ရောဂါကို အောင်နိုင် မယ့် လမ်းစတွေ ပိုမိုရရှိလာပြီလို့ မြင်ပါတယ်။ ဆရာကြီးတွေအနေနဲ့ မိမိတို့ရဲ့ အသက်အရွယ်ကြီးရင့်မှုကို အလေးမထားဘဲ ယခုလို အချိန်ပေးပြီး ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်တာကို ကျွန်တော်တို့အနေနဲ့ လေးစားဂုဏ်ယူပါတယ်။ ဂါရဝလည်း  ပြုပါတယ်။  အထူးကျေးဇူးတင်ကြောင်းကိုလည်း  ကျွန်တော် ဒီကနေတစ်ဆင့် ပြောကြားလိုပါတယ်။

ဒီနေ့ အခြေအနေအရ ကျွန်တော်တို့ လက်ထဲမှာ လူနာတင်နိုင်တဲ့ အနေအထားက ခုတင်ပေါင်း ၂၅၀၀ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို လူနာ ၄၀၀ ကျော် / ၅၀၀ ရှိနေတဲ့နှုန်းနဲ့  ကျွန်တော်တို့ ဆက်လက်ပြီး လူနာတွေ ကို     ပြုစုကုသစောင့်ရှောက်ဖို့အတွက်    ခုတင်နဲ့နေရာတွေ    လိုအပ်ဦးမှာ ဖြစ်ပါတယ်။ ဒါကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ယခင် ကျွန်တော်တင်ပြထား ခဲ့သလို အောင်မြင့်မိုရ်အိမ်ရာနဲ့ ရိုးမအိမ်ရာတွေမှာ ပြင်ဆင်ထားတာတွေကို ယနေ့   သွားကြည့်ပါတယ်။   ရိုးမအိမ်ရာက   နောက်ထပ်ရရှိတဲ့  ခုတင် ၅၇၆ ခုတင်အနက် ဒီနေ့မှာ လူနာထားရှိနိုင်မယ့် ခုတင် ၂၈၈ ခုတင်ကို ပြင်ဆင်ပြီး ဖြစ်တာကို တွေ့ရှိရပါတယ်။ မနက်ဖြန်မှာ နောက်ထပ် ၂၈၈ ခုတင်ပြီးစီးမှာ ဖြစ်တဲ့အတွက်   ရိုးမအနေအထားက ခုတင် ၁၀၈၀ ဆံ့တဲ့ ဆေးရုံအဖြစ် ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

အလားတူ ဒီနေ့    အောင်မြင့်မိုရ်အိမ်ရာကို    သွားကြည့်ခဲ့ပါတယ်။  အောင်မြင့်မိုရ်အိမ်ရာမှာ လူနာ ၁၄၄ ဦးဆံ့တဲ့ အဆောင်နှစ်ဆောင် အဆင်သင့် ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့   စက်တင်ဘာ ၂၃ ရက်မှာ အောင်မြင့်မိုရ်အိမ်ရာအနေနဲ့ လူနာတွေကို စတင်လက်ခံပြီး ပြုစုစောင့်ရှောက် နိုင်ဖို့ အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။ ဒါတွေအားလုံး တစ်ပြိုင်နက်တည်း ပြီးစီးသွားရင် အောင်မြင့်မိုရ်အိမ်ရာအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ ခုတင် ၁၅၀၀ ဆံ့  ကိုဗစ်ကုသရေး စင်တာတစ်ခုအနေနဲ့  ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက်  လူအင်အားနဲ့  ပစ္စည်းအင်အားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ဦးဆောင်ပံ့ပိုးပေးသွားဖို့အတွက်  စီစဉ်ထားပြီး ဖြစ်ပါတယ်။   မနက်ဖြန်ကနေစပြီး ဒီနေရာကို ကြိုတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေအတွက် ပြင်ဆင်သွားမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဒီနေရာကနေ သတင်းစကားပါးအပ်ပါတယ်။

ဒီလို အစစအရာရာ ပြည့်စုံအောင် ဦးဆောင်ဦးရွက်ပြုပြီး ပြင်ဆင်ပေးတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အထူးကျေးဇူးတင်ပါတယ်။   ယခု ကျွန်တော်တို့   လက်ထဲမှာ  ခုတင်  ၄၀၀၀ ကျော်/ ၅၀၀၀ ရှိပြီး လူနာတွေကို ပြုစုကုသနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ရန်ကုန်အနေနဲ့ ကိုဗစ် - ၁၉ ကို ခုခံကာကွယ်တဲ့နေရာမှာ ဒါတွေက ခံတပ်တွေ အနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့တန်းတွေအနေနဲ့ Commu-nity  Based Facility  Quarantine တွေ၊  Contact Tracing တွေ၊  ပြည်သူ့ ကျန်းမာရေးဘက်ကနေပြီး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။   နောက်တန်းအနေနဲ့   ဆေးရုံတွေနဲ့   ခုခံကာကွယ်ကြမှာ ဖြစ်ပါတယ်။   ဒီနည်းနဲ့   ရန်ကုန်ရဲ့  ကိုဗစ်တိုက်ပွဲကို   အောင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ကြောင်း ဒီကနေတစ်ဆင့် ပြောကြားလိုပါတယ်။

ဒီလိုအောင်နိုင်ဖို့အတွက် အဓိက က ပြည်သူလူထုပါ။ ရောဂါကာကွယ်ရေး က အဓိက ဖြစ်ပါ တယ်။ ရောဂါ ကာကွယ်နိုင်ခြင်းမှသာလျှင် ရောဂါဖြစ်တဲ့သူတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။   ရောဂါကူးစက်ခံရမှု လျော့ပါးသွားမှာ  ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့သူတွေ လျော့ပါးသွားမှသာလျှင် ကျွန်တော် တို့  ပြုစုစောင့်ရှောက်တဲ့နေရာမှာ ပိုမိုပြီးပြည့်စုံစွာနဲ့ ပြုစုစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပြုစုစောင့်ရှောက်နိုင်မှ အောင်အောင်မြင်မြင် ကုသနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရောဂါကာကွယ်ရေးက အဓိကကျပါတယ်။ ဒီရောဂါကာကွယ် ရေးမှာလည်း  ပြည်သူလူထုသာလျှင်  အဓိကဖြစ်ပါတယ်။  တစ်ဦး၊ တစ်ယောက် ချင်းစီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။ သူများကို  မကူးအောင်  ကာကွယ်ဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှ တစ်မိသားစု ချင်းစီ၊  တစ်မိသားစုချင်းစီမှ  တစ်လမ်းချင်းစီ၊  တစ်ရပ်ကွက် ချင်းစီ၊  တစ်မြို့ ချင်းစီနဲ့  ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကာကွယ်ရေးကို   တစ်ဦးတစ်ယောက်မှ  ဖောက်ဖျက်လို့ မဖြစ်ပါဘူး။ တစ်ဦးတစ်ယောက် ဖောက်ဖျက်လိုက်တာနဲ့ ဒီရောဂါကူးစက်မှု ကွင်းဆက်က ကျိုးပေါက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ဒီနေရာမှာ တစ်ဦးတစ်ယောက်မကျန် ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်း တွေကို  လိုက်နာဆောင်ရွက်ဖို့အတွက်  အထူးအရေးကြီးပါတယ်။ ဒီဟာကို နှစ်ပတ်အတွင်းမှာ အသေအချာ သည်းခံခွင့်လွှတ်လိုက်နာဖို့ သိပ်ပြီး အရေးကြီးပါတယ်။ လိုက်နာကြပါလို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်။

အလားတူ  Positive လူနာတွေအနေနဲ့   ပြုစုကုသပေးနေတဲ့  ဆေးရုံ တွေမှာ လာရောက်ကုသမှု ခံယူစဉ် မပြည့်စုံမှုတွေရှိနေရင် သည်းခံခွင့်လွှတ်ပြီး လာရောက်ကုသမှုခံယူခြင်းသာလျှင် ရန်ကုန်ကို ကိုဗစ်ရောဂါ ကူးစက်မှုကနေ ဖြတ်တောက်နိုင်ရေးအတွက်   အရေးကြီးကြောင်း  ဒီနေရာကနေ   တစ်ဆင့် ထပ်မံပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ထက်လျှံ