နေပြည်တော်   ၂၃   စက်တင်ဘာ

 

စိန်တစ်လုံးသရက်သည်  ဈေးကွက်ဝင် ပဒေသာပင်ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုမှ သုတေသနပညာရှင်များသည် အပင်စိပ်စိပ် စိုက်ပျိုးနည်းစနစ်နှင့် ကြားခံကိုင်းကူးပင် အမျိုးမျိုးအပေါ်တွင် စိန်တစ်လုံး၏ အထွက်နှင့် အရည်အသွေးအားလေ့လာခြင်း သုတေသနကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

ယင်းသုတေသနသည် စိန်တစ်လုံးသရက်၏ အရည်အသွေးနှင့် တစ်ယူနစ်ဧရိယာတွင် အထွက်နှုန်းကောင်း ရရှိစေမည့် အပင်စိပ်စိပ် စိုက်ပျိုးနည်းစနစ်နှင့် သင့်တော်သော ကြားခံကိုင်းကူး ပင်မျိုးများ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်၍ သုတေသနဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ သုတေသနတွင် အောက်ခံပင် (Stock) အဖြစ် မျောက်ခေါင်းသရက် (EB-1) ကို အသုံးပြုထားခြင်းဖြစ်ပြီး ကြားခံကိုင်းကူးပင် (Inter-stock) များအဖြစ် စိန်တစ်လုံး၊ ရင်ကွဲ၊ ပတ္တမြားငမောက်နှင့် နန်းတော်မှိုင်း မျိုးတို့အား အသုံးပြုထားခြင်း ဖြစ်ကြောင်း၊ စိန်တလုံးပင် (Scion) များအား ပင်ကြားနှင့် တန်းကြား အကွာအဝေး (၃) မျိုးဖြစ်သည့်  (၈) ပေ ပတ်လည်၊ (၁၀) ပေ ပတ်လည်နှင့် (၁၀ ပေ × ၁၂ ပေ) တို့ဖြင့် ကိုင်းဆက် စမ်းသပ်စိုက်ပျိုးထားသည်ဖြစ်ရာ တစ်ဧက ဝင်ဆံ့သည့် အပင်ဦးရေမှာ (၆၈၀) ပင်၊ (၄၃၆) ပင်နှင့် (၃၆၃) ပင် အသီးသီးဖြစ်ကြောင်း  အဆိုပါ သုတေသနပညာရှင်ထံများထံမှ သိရသည်။

 

ထိုကဲ့သို့ စိန်တစ်လုံးသရက်အား ကြားခံကိုင်းကူးပင်များဖြင့် ကိုင်းဆက်စိုက်ပျိုးခြင်းဖြင့်  စိန်တစ်လုံးပင်၏ ကြီးထွားမှုကို နှေးစေကာ အပင်ပု စိန်တစ်လုံးမျုးများကို ရရှိမည်ဖြစ်ပြီး ကိုင်းချိုင်ခြင်း၊ အသီးအိတ်စွပ်ခြင်း၊ ဆေးဖျန်းခြင်း၊ အသီးခူးခြင်းကဲ့သို့သော အပင်ပြုစုစောင့်ရှောက်ခြင်းများအား တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် အပင်စိပ်စိပ်စိုက်ပျိုးခြင်းဖြင့် တစ်ဧက အပင်ဝင်ဆံ့မှုများသည့်အတွက် တစ်ဧက စိန်တစ်လုံး သရက်သီးအထွက် ပိုမိုများပြားမည် ဖြစ်ခြင်းကြောင့် တစ်ဧကအတွက် အကျိုးအမြတ်ပိုမို ရရှိမည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။

 

မေမိုးသဲ