ရိခေါ်ဒါရ်    ၂၁   ဇန်နဝါရီ   


ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာခြင်းကို တစ်ဖက်အိန္ဒိယ နိုင်ငံဘက်က ဇန်နဝါရီ ၂၁ ရက်မှစ၍ ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း သိရသည်။


တစ်ဖက်အိန္ဒိယနိုင်ငံ အာသံတပ်မတော်မှ Director General (DG) တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး Sangwan သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် (အိန္ဒိယဘက်ခြမ်း) ရှိ ဇိုခေါထာရ်စခန်းသို့ ဇန်နဝါရီ ၂၁ ရက်၌ ရဟတ်ယာဉ်ဖြင့် အလည်အပတ်လာရောက်မည်ဖြစ်ပါ သဖြင့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ၂ ရက်ကြာကို လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ (၇၀)နှစ်မြောက် Republic Day အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ၂ ရက်ကြာကို လည်းကောင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာမှုကို ခေတ္တ ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာမှု ခေတ္တရပ်ဆိုင်းရာတွင် မော်တော်ယာဉ်ငယ်များ၊ ဆိုင်ကယ်များ၊ လက်တွန်းလှည်းများ၊ လူနှင့် ကုန်စည်စီးဆင်းမှုများကို တစ်ဖက်အိန္ဒိယနိုင်ငံဖက်မှ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှသိရသည်။


MDN