မန္တလေး ၂၁ ဇန်နဝါရီ
မန္တလေးမြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သော မန္တလေးရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချော ထည်ပြပွဲတွင် ငါးရက်တာ ကာလအတွင်း ငွေကျပ်သိန်းပေါင်း ၆၇၀ဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ငါးထောင်နီးပါးခန့် ရောင်းချခဲ့ရကြောင်း မန္တလေးရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။
အဆိုပါပြပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် ရှိ ရတနာပုံစူပါစင်တာ အ ဆောက်အဦးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲသို့ငါးရက်တာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူ သုံးသောင်းဝန်းကျင်ရှိခဲ့ပြီး ပြည်ပမှ ရတနာကုန်သည် ၁၁၄၄ ဦး လာရောက်လေ့လာဝယ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲနောက်ဆုံးရက်တွင် တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်မှ ကျောက်စိမ်း ကျောက်မျက်ရတနာအသင်း ဒုတိယဥက္ကဋ္ဌ လီကျု(စ်)ဝေ လာရောက်လေ့လာခဲ့ပြီး ပြပွဲအမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ မြန်မာနိုင်ငံ၏ သဘာဝရှုခင်း အလှအပများနှင့် အမျိုးအစားစုံလင်စွာ ပြသထားသော မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများအား တစုတစ်ဝေးတည်း တွေ့ရှိခဲ့သည့်အတွက် စိတ်ကြည်နူးမိကြောင်း ပြောကြားသည်။
မန္တလေးရတနာမောလ်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီက အဆိုပါအဆောက်အအုံတွင် ကျင်းပခဲ့ပြီး ပြပွဲတွင် ပူးပေါင်း ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုထိုက်သူများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ကာ လက်ဝတ်ရတနာအချောထည် ဒီဇိုင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)