ပြင်ဦးလွင် ၂၂ နိုဝင်ဘာ 

(၁၄)ကြိမ်မြောက်ကျင်းပသော ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ ထည့်သွင်းကျင်းပသည့် အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲပြိုင်ပွဲကို လာရောက်ကြည့်ရှုသူများ အထူး စိတ်ဝင်စား စွာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ ပြိုင်ပွဲတွင် အနယ်နယ်အရပ်ရပ်များ ကျွမ်းကျင်အဆင့် ပညာရှင်များ၊ ဝါသနာရှင် အဆင့် လူသစ်တန်းများ လာရောက်ယှဉ်ပြိုင် မောင်းနှင်သရုပ်ပြသ ခဲ့ကြသည်။

 ပြိုင်ပွဲကို လေယာဉ်စီးချင်းထိုးပြိုင်ပွဲ(ဝါသနာရှင်အဆင့်၊ ကျွမ်းကျင်အဆင့်)၊ အတားအဆီးဖြတ်ကျော်ပြိုင်ပွဲ (အလွတ် တန်း)၊ လူသစ်တန်း စိတ်ကြိုက်သရုပ်ပြပြိုင်ပွဲ၊ လေယာဉ်တည်ဆောက်မှု(DIY)ပြိုင်ပွဲများ စသည့်ဖြင့် ပြိုင်ပွဲ အမျိုးအစား(၅)မျိုး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးရာမီးပုံးပျံပွဲတော်လာ ဧည့်ပရိသတ်များအား ခေတ်မီဆန်းသစ်သော အဝေးထိန်း လေယာဉ်ငယ်များ ပျံသန်း ဖျော်ဖြေခြင်းဖြင့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အား ခေတ်မီပွဲလမ်း သဘင်အဖြစ် ပိုမိုစည်ကားလာစေရန်၊ လေယာဉ်တည်ဆောက်ပျံသန်းမှုဝါသနာ ပြန့်ပွားလာစေရန်နှင့် လေကြောင်းဗဟုသုတများ ရရှိစေရန်၊ လေယာဉ်ပုံစံငယ် တည်ဆောက်ပျံသန်းခြင်းအား လူငယ်များ စိတ်ပါဝင်စား လာစေ၍ မူးယစ်ဆေးဝါး အစရှိသော မကောင်းမှုအလေ့အကျင့်များမှ ကင်းဝေးစေရန်၊ တိုးတက်လာသည့် မောင်းသူမဲ့လေယာဉ် နည်းပညာအား ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် မှန်ကန်စွာအသုံးချတတ်လာစေရန်၊ ဤပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်သော အနာဂတ်လေကြောင်း လူငယ်များ ပေါ်ထွန်းလာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ထည့်သွင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)