၂၈ စက်တင်ဘာ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပိုးကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပထမဦးဆုံး သေဆုံးသူ စာရင်းထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာလမှာ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ဟာ ၈ လကြာမြင့်ပြီးနောက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁ သန်းကျော်သွားတာကို တွေ့ရပါတယ်။

 

ပထမလအတွင်း သေဆုံးသူ ၁,၀၀၀

တရုတ်နိုင်ငံမှာစတင်ခဲ့တဲ့ ဖျားနာမှုကို ဖြစ်စေတဲ့ Sars-CoV-2 ပိုးဟာ နောက်ပိုင်းမှာတော့ Covid-19 ဗိုင်းရပ်စ်ပိုးအဖြစ် လူသိများလာပါတယ်။ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ အဲဒီရောဂါပိုးကြောင့် တစ်လအတွင်း လူ ၁၀၀၀ သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှိလာပြီး နောက်နှစ်ရက်အကြာမှာ ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဂျပန်နဲ့ ဖေဖော်ဝါရီ ၁၄ တွင် ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ ရှိလာခဲ့ပါတယ်။

 

ဉရောပနဲ့အမေရိကန် နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းတဲ့ ဧပြီလ

ဖေဖော်ဝါရီလကစပြီး ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေ များလာခဲ့ရာ မတ် ၁၁ ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကမ္ဘာ့ကပ်ရောဂါပိုး (pandemic)အဖြစ် ကြောညာလိုက်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာ့နိုင်ငံနဲ့ ဒေသ ၃၀ မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး လူပေါင်း ၄,၅၀၀ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာချိန်က သေဆုံးသူတွေရဲ့ သုံးပုံနှစ်ပုံဟာ တရုတ်နိုင်ငံမှာ ဖြစ်ပေမယ့် အီတလီနိုင်ငံမှာ ၈၀၀ နဲ့ အီရန်မှာ ၃၀၀ သေဆုံးနေရာကနေ သေဆုံးသူစာရင်းက တိုးမြင့်လာတာကို တွေ့ရပါတယ်။

ဉရောပနဲ့ အမေရိကန်နိုင်ငံမှာ ဧပြီလ ဒုတိယအပတ်တွင် ဉရောပမှာ နေ့စဉ်သေဆုံး ၄,၀၀၀ နဲ့ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၂,၇၀၀ အထိ ရှိလာခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ဒီနေ့အချိန်မှာ လူပေါင်း ၂ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံး သီတင်းပတ်ကတော့ ဧပြီ ၁၃ ရက်ကနေ ၁၉ ရက်အတွင်းဖြစ်ပြီး နေ့စဉ်သေဆုံးသူ ၇,၄၆၀ ဦးကြောင်း တရားဝင်ထုတ်ပြန်စာရင်းအရ သိရပါတယ်။

အဲဒီအချိန်ကစပြီး ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ ဦးရေရဲ့ နှစ်ဆအနေနဲ့ ၁၇၀,၀၀၀ အထိ တက်လာခဲ့ပါတယ်။

ဇွန်လဆန်းကနေစပြီး ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် နေ့စဉ် သေဆုံးသူ ပျမ်းမျှအားဖြင့် ၅,၀၀၀ ရှိကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးပျံ့ပွားရာ ဗဟိုဖြစ်လာတဲ့ လက်တင်အမေရိကနိုင်ငံများ

ဇွန်လမှာ လက်တင်အမေရိကနဲ့ ခရစ်ဘီယန် နိုင်ငံများဟာ ကမ္ဘာ့ကပ်ရောဂါ ပျံ့ပွားရာ ဗဟိုဖြစ်လာပါတယ်။ အဲဒီဒေသမှာ ဇူလိုင် ၁၅ ရက်ကနေ ဩဂုတ် ၁၅ ရက်နေ့အတွင်း ကပ်ရောဂါပိုးကြောင့် သေဆုံးသူ နေ့စဉ် ပျမ်းမျှအားဖြင့် ၂,၅၀၀ ရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ သေဆုံးသူအရေအတွက် ကျဆင်းလာပြီး နေ့စဉ် ပျမ်းမျှအားဖြင့် ၁,၉၀၀ သာ ရှိတော့ကြောင်း သိရပါတယ်။

ဘရာဇီးနိုင်ငံဟာ သေဆုံးသူ (၁၄၁,၇၇၆ ဦး) ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အဲဒီနောက် ပီရူးနိုင်ငံ (၃၂,၂၆၂ ဦး)၊ ဘိုလီးဗီးယား (၇,၈၂၈ ဦး) ရှိကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်း

အာရှတိုက်မှာ ဧပြီလလယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၁၀၀ အောက်မှာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသူ များလာခဲ့တာကို တွေ့ရပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ကစပြီး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ အာရှတိုက်မှာ ပျမ်းမျှအားဖြင့် ၁,၀၀၀ ကျော်ရှိလာပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာတော့ သေဆုံးသူဟာ ၁,၅၀၀ လောက်ထိ ရှိလာခဲ့ပါတယ်။

အာရှမှာ အိန္ဒိယနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဖြစ်ရာ သေဆုံးသူ ၉၀,၀၀၀ ကျော်ရှိသွားကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ဉရောပမှာလည်း ပြန်လည်များပြားလာတဲ့အတွက် ဒုတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ အရင်သီတင်းပတ်ထက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ၂၀ ရာခိုင်နှုန်း များလာပြီး သေဆုံးနှုန်းဟာလည်း ၂၈ ရာခိုင်နှုန်း များလာတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အရှေ့အလယ်ပိုင်းမှာလည်း သေဆုံးနှုန်းဟာ များလာကို တွေ့ရပါတယ်။ သေဆုံးနှုန်းဟာ ၁၈ ရာခိုင်နှုန်း များလာပြီး ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ သေဆုံးသူ ၃၃၀ ဦးရှိကြောင်း သိရပါတယ်။

 

အာဖရိကနဲ့ သမုဒ္ဒရာရပ်ဝန်းဒေသ

အာဖရိကတိုက်ဟာ တခြားတိုက်တွေထက် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံမှု အနည်းဆုံး ဖြစ်ပါတယ်။ သေဆုံးမှုဟာ ဩဂုတ်ကစပြီး ကျဆင်းသွားကြောင်း သိရပါတယ်။ ဩဂုတ် အစောပိုင်းမှာ သေဆုံးမှုအမြင့်အဆုံးအနေနဲ့ တစ်နေ့လျှင် ၄၀၀ နီးပါး သေဆုံးခဲ့ပေမယ့် စက်တင်ဘာလ လယ်မှာတော့ သေဆုံးသူဟာ တစ်နေ့လျှင်၂၀၀ အောက်သာ ရှိခဲ့ပါတယ်။

သမုဒ္ဒရာရပ်ဝန်းဒေသကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်ဒါဇင်ထက်ကို မကျော်တာကို တွေ့ရပါတယ်။

MDN

ကိုးကား - AFP