၂၆ ဒီဇင်ဘာ

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ် ဟာ လတ်တလောမှာတော့ သူငယ်ချင်းတွေနဲ့အတူ နေ့လယ်စာ စားခဲ့တာ တွေ့ရပါတယ်။ လော့စ်အန်ဂျလိစ်မှာ သူငယ်ချင်းတွေနဲ့ နေ့လယ်စာစားခဲ့တဲ့ ဆယ်လီနာဂိုမက်ဇ်ဟာ ကျန်းမာပျော်ရွှင်နေပုံ ပေါ်နေတာကိုလည်း တွေ့ရကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ ဆယ်လီနာဂိုမက်ဇ်ဟာ မိန်းကလေးသူငယ်ချင်း နှစ်ဦးနဲ့အတူ နေ့လယ်စာစားခဲ့တာ ဖြစ်ပါတယ်။ နေ့လယ်စာစားပြီးတဲ့နောက်မှာတော့ ဆယ်လီနာဂိုမက်ဇ်ဟာ သူငယ်ချင်းတွေနဲ့အတူ အလည်အပတ်ထွက်ခဲ့ကြောင်းလည်း သိရပါတယ်။

 

အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ်ဟာ ပြီးခဲ့တဲ့ လတွေအတွင်း ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီဓာတ်ပုံမှာတော့ ဆယ်လီနာ ဂိုမက်ဇ်ဟာ ကျန်းမာနေပုံပေါ်နေတာကို တွေ့ရကြောင်း အီးအွန်လိုင်း ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ သူငယ်ချင်းတွေ တစ်ဖွဲ့ကြီးနဲ့ အလည်အပတ်ထွက်လာခဲ့တဲ့ ဆယ်လီနာဂိုမက်ဇ်က သူငယ်ချင်းတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

ဒီဓာတ်ပုံတွေမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆယ်လီနာ ဂိုမက်ဇ်ဟာ သူ့ရဲ့အခင်ဆုံးသော သူငယ်ချင်းတစ်ဦးဖြစ်သူတေလာဆွစ် ရဲ့ “Reputation” နယ်လှည့်တေးဂီတဖျော်ဖြေပွဲအင်္ကျီကို ဝတ်ဆင် ထားတာကိုလည်း တွေ့ရပါတယ်။

 

ဆယ်လီနာဂိုမက်ဇ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှ စတင်ပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြခဲ့ခြင်း မရှိတော့တာပါ။ သူက စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်လီနာဂိုမက်ဇ်က သူ့ကို လူမှုကွန်ရက်ပေါ်မှာ အဆိုးမြင်တဲ့ ဝေဖန်မှုတွေကို ရေးသားဖော်ပြခြင်းမပြုကြဖို့လည်း တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

 

Jပီးခဲ့တဲ့ သီတင်းပတ်အတွင်းဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စိတ်ဓာတ်ကျမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေအတွက် နယူးယော့ခ်မှာ ကုသမှုခံယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဖော်ပြခဲ့တဲ့ပုံတွေလည်း ဖြစ်ပါတယ်။

 

အေးပြည့်