၂၆ ဒီဇင်ဘာ
ဘောလိဝုဒ်စူပါစတား ရှာရွတ်ခန်းရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ Zero ဇာတ်ကားကတော့ ရုံတင်ပြသနေပါပြီ။ Zero ဇာတ်ကားရုံတင်ပြသပြီဖြစ်လို့ ရှာရွတ်ခန်းရဲ့ နောက်ထပ် ရုပ်ရှင်အသစ်ဖြစ်တဲ့ Don 3 ရိုက်ကူးမှုတွေစတင်တော့မှာလားဆိုပြီး ထင်ကြေးပေးနေကြပါပြီ။ ပြီးခဲ့တဲ့ Don 2 ဇာတ်ကားမှာလည်း အဓိကဇာတ်ကောင်အနေနဲ့ ဇာတ်လမ်းဆက်စရာတွေရှိနေသေးပါတယ်။ Don 2 ဇာတ်ကားထွက်ရှိခဲ့တာလည်း ခုနစ်နှစ် ကြာမြင့်ခဲ့ပါပြီ။
ဒီတော့ပရိသတ်တွေဟာလည်း Don 3 ကို ဆက်လက်ကြည့်ရှုရဖို့ မျှော်လင့်နေကြပါပြီ။ ပင့်ခ်ဗီလာဒေါ့ကွန်းရဲ့ ဖော်ပြချက်အရတော့ မကြာခင်အချိန်အတွင်းမှာ Don 3 ကိုရိုက်ကူးတော့မှာဖြစ်ပြီး ၂၀၂၀ မှာရုံတင်မယ်လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်အတွင်း ဒါရိုက်တာ ဖာဟန်နဲ့ သူ့ရဲ့အဖွဲ့ဟာ Don 3 အတွက် ဇာတ်ညွှန်း ရေးသားခဲ့ပါတယ်။ Don 2 နဲ့မတူတဲ့ပုံစံနဲ့ ရိုက်ကူးမှုတွေပြုလုပ်သွားလိမ့်မယ်လို့ Don 3 ရိုက်ကူးရေးအဖွဲ့နဲ့ ရင်းနှီးတဲ့သတင်းအရင်းမြစ်တစ်ခုက ပြောပါတယ်။
ရုပ်ရှင်စတင်ရိုက်ကူးမယ့်နေ့ကို အသိပေးထားခြင်းမရှိသေးပေမယ့် ထုတ်လုပ်သူ တွေကတော့ ၂၀၂၀ မှာ ရုံတင်လိမ့်မယ်လို့ ပြောပါတယ်။ တချို့သောသတင်းအရင်း အမြစ်တွေအရလည်း ယခင် Don 2 မှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး ပရီယန်ကာချိုပရာဟာ Don 3 မှာ ထပ်ပါတော့မှာ မဟုတ်ဘူးလို့လည်း ပြောကြပါတယ်။
အိန္ဒိယတီဗွီနယူးဒေါ့ကွန်း