၂၇ ဒီဇင်ဘာ 

 

ဟောင်ကောင် မင်းသားကြီး ချောင်ယွန်ဖတ်ဟာ ဟောင်ကောင် ရုပ်ရှင်လောကမှာ သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်လေ့ ရှိသူဖြစ်ပြီး ကွယ်လွန်ခဲ့ပါကလည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို လှူဒါန်းသွားဖို့ စိတ်ဆုံးဖြတ်ထားသူဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းက ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ချောင်ယွန်ဖတ်ဟာ အာရှ ရုပ်ရှင်လောကမှာသာ လူသိများကျော်ကြားသူ မဟုတ်ဘဲ ဟောလိဝုဒ် ပရိသတ်တွေနဲ့လည်း ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ သူပါဝင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် တွေကတော့ "Pirates of the Caribbean" နဲ့ "A Better Tomorrow" တို့ ဖြစ်ကြပါတယ်။ ချောင်ယွန်ဖတ်ဟာ သူ့ရဲ့ အနုပညာ အရည်အသွေးကြောင့် ပရိသတ်များအကြား ကျော်ကြားခဲ့သလို သူ့ရဲ့နေထိုင်မှု ဘဝပုံစံကြောင့်လည်း လူသိများသူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

လတ်တလောမှာ အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချောင်ယွန်ဖတ်ဟာ သန်းပေါင်းများစွာ ကြွယ်ဝသူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ဖော်ဘီဒေါ့ကွန်းက ရွေးချယ်ဖော်ပြခဲ့တဲ့ တစ်နှစ်တာအတွင်း ဝင်ငွေ အကောင်းဆုံးဖြစ်ခဲ့တဲ့ အမျိုးသား သရုပ်ဆောင် စာရင်းမှာ ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို ကြွယ်ဝသူ တစ်ဦးဖြစ်ပေမယ့် ချောင်ယွန်ဖတ်ဟာ သာမန်လူ တစ်ဦးလို ရိုးရှင်းတဲ့ဘဝမှာ နေထိုင်လိုသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ခေတ်မီဇိမ်ခံ ပစ္စည်းတွေနဲ့ နည်းလမ်းတွေ များစွာရှိနေတဲ့ ဖွံ့ဖြိုးတဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ဟောင်ကောင်မှာ နေထိုင်သူ တစ်ဦးဖြစ်ပေမယ့် သူ့ကို အများပြည်သူ အသုံးပြုတဲ့ ပို့ဆောင်ရေး ယာဉ်တွေကို အသုံးပြုကာ သွားလာလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ ရုပ်ရှင်ကြည့်ဖို့ရာ အများနည်းတူ တန်းစီကာ လက်မှတ် ဝယ်ယူကြည့်ရှုလေ့ရှိသူလည်း ဖြစ်ပါတယ်။

 

သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ခန့်မှန်းတွက်ချက်ကြည့်ပါက ဟောင်ကောင် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ခန့်ရှိပေမယ့် သူကွယ်လွန်ချိန်မှာတော့ ဒီပိုင်ဆိုင်မှုတွေကို လှူဒါန်းသွားဖို့ရာ ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

အေးပြည့်