အင်းဝ ၂၉ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းတွင် မြန်မာ့ရိုးရာ ယွန်းထည်အနုပညာလုပ်ငန်းကို ထိန်းသိမ်းလုပ်ကိုင်လျက်ရှိသည်။ အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာ အုပ်စုရပ်တန်းရပ်တွင် ယွန်းထည်များကို အများဆုံးလုပ်ကိုင်ကြသည်။ အင်းဝမြို့ဟောင်းရှိ ယွန်းပညာရှင်များမှာ ယွန်းသပိတ်၊ နှီးဘုရား၊ သပိတ်ဖုံး၊ မင်္ဂလာအုပ်များနှင့် ထမ်းထိုးအုပ်ကလေးများကို အဓိကပြုလုပ်ကြသည်။

လက်ရှိကာလတွင် ဆွမ်းပန်းရေချမ်းကပ် အသင်းဖြစ်သည့် အုပ်ကလေးအသင်းများတွင် အများဆုံးအသုံးပြုသော ရိုးရာထမ်းထိုးအုပ်ကလေးများကို ဆက်လက်ထိန်းသိမ်း ပြုလုပ်လျက်ရှိသည်။ လက်ရာမြောက် ထမ်းထိုးအုပ်ကလေးများ ပြုလုပ်မှုကို အင်းဝဒေသတွင် ရှားရှားပါးပါး တွေ့ရှိရသည်။ ထမ်းထိုးအုပ်ကလေးများမှာ လက်ရာမြောက်ပြီး ထမ်းပိုးကိုပင် ပန်းတောင်ကလေးများဖြင့် လှပစွာပြုလုပ်ပေးထားသည်။ အနုပညာလက်ရာမြောက် ထမ်းထိုးအုပ်တစ်စုံ(အုပ်စုံ)လျှင် ငွေကျပ် ၁၅၀၀၀၀ အထိ ပေးရသည်။ အနုပညာလက်ရာမြောက်သော ရှားပါးလှသည့် ထမ်းထိုးအုပ်ပြုလုပ်မှုမှာ အနုစိပ်လှသည်။

မြန်မာ့ရိုးရာ ယွန်းအနုပညာလုပ်ငန်း အစဉ်အလာနည်းပညာအတိုင်း အခြေခံဝါးအဖြူထည်မှအစ အချောကိုင်ကာ သစ်ဆေးသရိုးကိုင်သည်အထိ အဆင့်ဆင့်ပြုလုပ်ကြရသည်။ အခြေခံ ဝါးအဖြူထည်ပြုလုပ်ခြင်းအတွက် ခွေထည်၊ ရက်ထည်၊ ပုတ်ထည်၊ ကြောင်လိမ်ထည်ဆိုသော နည်းများထဲမှ သင့်တော်ရာနည်းကိုအသုံးပြုကာ ပြုလုပ်ကြရသည်။ အခြေခံဖြစ်သော နှီးသပ်၊ နှီးခေါင်းထိုး၊ နှီးလွှား စသည့်လုပ်ငန်းများကို စိတ်ရှည်စွာပြုလုပ်ကြရသည်။

ရိုးရာထမ်းထိုးအုပ် တစ်စုံပြုလုပ်ရန် (၇)ရက်ခန့်ကြာသည်။ ပြုလုပ်မှုအဆင့်တိုင်း ပညာပါသည်။ ပွတ်သီးမှအစ အန်၊ ခွါ၊ အန်ဖုံး၊ ခါးဆီး၊ ခွါဖုံး၊ ကလပ်တင်မှအစ လက်ရာမြောက်အောင် ပြုလုပ်ရသည်။ အများစုမှာ ဆွမ်းပန်းရေချမ်းကပ်အသင်း ဒေသအခေါ် အုပ်ကလေးအသင်းများမှ အများဆုံးအသုံးပြုကြသည်။ ရိုးရာထမ်းထိုးအုပ်တွင် တစ်ဖက်မှ ဆွမ်းအုပ်ကလေးပါရှိပြီး တစ်ဖက်တွင် ပန်းတောင်ပါရှိသည်။ ထိုအုပ်နှင့် ပန်းတောင်များကို ကြိုးဆိုင်းကလေးများ ခွေကလေးများအဆင့်ဆင့် ထည့်ပေးထားသည်။ လက်ရှိကာလတွင် မြန်မာ့ရိုးရာ ထမ်းထိုးအုပ်ကလေးများကို အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာအုပ်စု ရပ်တန်းရပ်ကွက် နေပြည်လင်း ယွန်းအနုပညာလုပ်ငန်းတွင် မှာယူနိုင်ကြောင်း သိရသည်။

တိမ်တမန်