၂၈ ဒီဇင်ဘာ
ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဂူအတွင်းပိတ်မိနေသည့် ကျောင်းသားများကို ကယ်တင်သည့်အကြောင်း ရိုက်ကူးထားသည့် The Cave ရုပ်ရှင်တွင် အရေးပေါ်ရှာဖွေမှုများ၊ ကိုယ်ကျိုးစွန့် စေတနာ့ဝန်ထမ်းများ၊ ရဲတင်းသော ကယ်ဆယ်မှုများကို ရိုက်ကူးနေကြောင်း သိရသည်။ ထိုင်း-အိုင်ရစ် ဒါရိုက်တာ တွန်ဝယ်လာက ယခုရုပ်ရှင်တွင် ကယ်ဆယ်ရေး ရေငုပ်သမားအစစ်များဖြင့် ရိုက်ကူးထားကြောင်း သိရသည်။ The Cave ရုပ်ရှင်ကားတွင် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများ၏ စွန့်လွှတ်အနစ်နာခံမှုကို ဦးတည်ရိုက်ကူးမည် ဖြစ်ကြောင်း ဒါရိုက်တာ တွန်ဝယ်လာက ပြောသည်။
The Cave ရုပ်ရှင်တွင် ဂူအတွင်း ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူ အများစုလည်း ကိုယ်တိုင်ပါဝင်မည်ဟု တွန်ဝယ်လာက ပြောသည်။ ဂူအတွင်း ကယ်ဆယ်မှုများအကြောင်း ရိုက်ကူးရာတွင် အခက်အခဲများစွာ ရှိနေပြီး ရုပ်ရှင်အဖွဲ့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ပင်ဖြစ်သည်။ ရေအောက်အခန်းများကို ရိုက်ကူးရာတွင် နည်းပညာပိုင်းအရသာမက အခြားသောအပိုင်းများတွင်လည်း အခက်အခဲရှိကြောင်း၊ ရုပ်ရှင်အခန်း အတော်များများကို ထိုင်းနိုင်ငံ ချင်းရိုင်တွင် ရိုက်ကူးထားပြီး အိုင်ယာလန်၊ ဝေးလ်၊ တရုတ်၊ ဂျပန်နှင့် ဟာဝိုင်အီတို့တွင်လည်း ရိုက်ကူးထားသော အခန်းအနည်းငယ်လည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ဇူလိုင်လတွင် ပြသနိုင်မည်ဟု သတ်မှတ်ထားသည်။
ခြူး
ကိုးကား-ဘီဘီစီ