ဖျာပုံ ၁၉ ဒီဇင်ဘာ
"ဆယ်အိမ်တန်း ကမ်းခြေ အပန်းဖြေစခန်း" သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်အတွင်း ရှိပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပင်လယ်ရေ အတက်အကျကို အခြေခံကာ သဘာဝ အလျောက် ဖြစ်ပေါ်လာသည့် ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေ၏ သဲသောင်ပြင် ကျယ်ပြန့်မှုနှင့် ပင်လယ်ပြင်၏ ရှုမောဖွယ်ရာ မြင်ကွင်းတို့မှာ ဆွဲဆောင်မှု ရှိခြင်းတို့ကြောင့် တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်ရှိ ပြည်သူများ နေ့ချင်းပြန် သွားရောက် အပန်းဖြေကြရာမှ လူသိများ ထင်ရှားလာသော ကမ်းခြစခန်း တစ်ခု ဖြစ်သည်။
တစ်နှစ်ထက် တစ်နှစ် လူသိများ ထင်ရှားလာ၍ ကွမ်းခြံကုန်း မြို့နယ်နှင့် ကော့မှူးမြို့နယ်တို့မှ ဆယ်အိမ်တန်း ကျေးရွာ ကမ်းခြေ အပန်းဖြေ စခန်းသို့အရောက် မော်တော်ကားများ လွယ်လင့်တကူ သွားလာနိုင်ရန် ကွန်ကရစ် ကားလမ်းများ ဖောက်လုပ်ပေးထားရာ ရန်ကုန်(ဒလ)ဘက်နှင့် လှိုင်သာယာ အဝေးပြေး ကားဂိတ်တို့မှ မော်တော်ယာဉ်ဖြင့် ဆယ်အိမ်တန်း ကမ်းခြေ အပန်းဖြေ စခန်းသို့ နှစ်နာရီခွဲနှင့် ရောက်ရှိနိုင်ပြီး ကွမ်းခြံကုန်းမှ မိုင် ၂၀ ခန့်သာ ကွာဝေးသည်။
ယခုအခါ ဆယ်အိမ်တန်း ကမ်းခြေသို့ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ နေ့ချင်းပြန် အပန်းဖြေ လာရောက်သူများဖြင့် စည်ကားလျက်ရှိနေပြီး ရုံးပိတ်ရက်၊ ဈေးပိတ်ရက် များတွင် အပန်းဖြေ လာရောက်သူများ အလွန်များပြား လျက်ရှိကြောင်း ဒေသခံများ ပြောပြ၍ သိရသည်။ အပန်းဖြေစခန်း ပေါ်ပေါက်လာမှုကြောင့် ဒေသခံတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြပြီး တစ်ချိန်ကထက် လူမှုစီးပွား မြင့်မားနေကြကြောင်းလည်း သိရသည်။
ရန်ကုန်မြို့မှ ကိုယ်ပိုင် မော်တော်ကားများဖြင့် လာရောက်ပါက တွံတေးမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားနှင့် မွန်တို့ တည်ထားကိုးကွယ်ခဲ့သည့် ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်များရှိ သမိုင်းဝင် ဘုရားများကိုလည်း ဝင်ရောက်ဖူးမျှော် လည်ပတ်နိုင်သော အပန်းဖြေခရီးစဉ် တစ်ခု ဖြစ်သည်။
ယခုအခါ ဒလမြို့မှ YBS လိုင်းကားများမှာ ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့များသို့ ပြေးဆွဲနေပြီဖြစ်၍ သက်ဆိုင်ရာ မြို့များမှတစ်ဆင့် ကားပြောင်းစီး၍ ဆယ်အိမ်တန်း ကမ်းခြေ အပန်းဖြေ စခန်းအရောက် သွားရောက်နိုင်ကြောင်း ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုအား အသိပေး လိုက်ပါသည်။
အောင်ဝင်း(ဖျာပုံ)