နေပြည်တော် ၁၉ ဒီဇင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Tint Tint Myanmar Group of Companies နှင့် ဟောင်ကောင်အခြေစိုက် Star Cruise အပျော်စီး သင်္ဘောကုမ္ပဏီတို့၏ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် Genting Star Cruise မှ အပျော်စီး ခရီးသည်တင် သင်္ဘော Super Star Libra သည် ကမ္ဘာလှည့် ခရီးသည် ၆၁၈ ဦး၊ သင်္ဘောဝန်ထမ်း ၆၆၉ ဦး တင်ဆောင်၍ ဒီဇင်ဘာလ ၁၅ ရက်က ကော့သောင်းခရိုင် မြိတ်ကျွန်းစုရှိ ခက်ရင်းခွကျွန်းသို့ ဆိုက်ရောက်ခဲ့သည်။
အဆိုပါ သင်္ဘောဆိုက်ကပ် ရောက်ရှိချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် Tint Tint Myanmar Group of Companies မှ တာဝန်ရှိသူများနှင့် ဒေသခံများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောသည် ထိုင်းနိုင်ငံ ၊ ဖူးခက် ဆိပ်ကမ်းမှ မြန်မာနိုင်ငံ မြိတ်ကျွန်းစုရှိ ခက်ရင်းခွကျွန်းသို့ နေ့ချင်းပြန်ခရီး ဝင်ရောက်လည်ပတ်ခြင်းဖြစ်ပြီး မွန်းလွဲ ၂ ခွဲနာရီတွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။
ယခုအခါ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ကော့သောင်းခရိုင် မြိတ်ကျွန်းစု ဒေသအတွင်းရှိ ကျွန်းများသို့ ကမ္ဘာလှည့် အပျော်စီး သင်္ဘောကြီး၊ စက်တပ်ရွက်လှေများဖြင့် ညအိပ်ခရီးစဉ်များနှင့် နေ့ချင်းပြန် ကျွန်းပတ် ခရီးစဉ်များအဖြစ် ဝင်ရောက် လည်ပတ်လျက်ရှိပြီး စိတ်ဝင်စားမှု မြင့်မားလာသော ခရီးစဉ်ဒေသ တစ်ခုဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN