နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ်(၈)အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူ ရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထား တွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ် အမှတ်(၂၈)အစုန်နှင့် နေပြည်တော်-မန္တလေးခရီးစဉ် အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထား တွဲဆိုင်း ဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည် ဖြစ်သည်။
အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန် ဘူတာမှ စတင်ထွက်ခွာရာ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော်ဘူတာမှစတင်ထွက်ခွာ၍ မန္တလေး ဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက် မည်ဖြစ်သည်။
ထို့အတူ အမှတ် (၂၈)အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင် ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ဖြစ်ကာ အမှတ်(၈)အစုန် လေအေးပေးစက်ပါ ရှိသော ခေတ်မီ DEMU ရထားသည် မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော် ဘူတာမှ စတင်ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။
အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ စတင်ပြေးဆွဲမည့် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း (၄)တွဲ၊ အထက်တန်း (၂) တွဲ၊ စုစုပေါင်း တွဲဆိုင်း (၆)တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော်-မန္တလေး ပြေးဆွဲမည့် လေအိတ်ရထား ခရီးစဉ်အတွက် ရိုးရိုးတန်း (၄)တွဲ၊ အထက်တန်း (၂)တွဲ၊ စုစုပေါင်း တွဲဆိုင်း (၆)တွဲဖြင့် ခရီးသည် ၃၃၀ လိုက်ပါ စီးနင်းနိုင်မည် ဖြစ်သည်။
လက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ခရီးစဉ် အတွက် အမှတ် (၇)အဆန်/ (၈)အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း ကျပ် (၁၉၀၀၀)၊ အထက်တန်းကျပ် (၂၈၀၀၀)နှင့် မန္တလေး-နေပြည် တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် အမှတ်(၂၇)အဆန်/ (၂၈)အစုန် လေအိတ် ရထားတွင် ရိုးရိုးတန်းကျပ် (၇၀၀၀)၊ အထက်တန်းကျပ် (၁၁၀၀၀) ဖြစ်ကြောင်း သိရှိရသည်။
ခရီးသည်များအနေဖြင့် ရန်ကုန်-မန္တလေးနှင့် မန္တလေး-ရန်ကုန် ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း/ရိုးရိုးတန်းကျပ် (၂၆၀၀၀)၊ အထက်တန်းကျပ် (၃၉၀၀၀) ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည် ဖြစ်သည်။
ခရီးသည်များအနေဖြင့် အဆိုပါ လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားနှင့် လေအိတ်ရထား များအား နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဉ် တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကာ ခရီးစဉ် အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန် အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းတွင် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားပြေးဆွဲချိန်သည် ၅ နာရီခွဲ ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
(သတင်းစဉ်)