ရန်ကုန် ၂၇ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့များက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် မြေပြင်တွင် ထိတွေ့ဆောင်ရွက်နေရသူများ အဆင်ပြေစေရန်တို့အတွက် ပိုးတွေ့လူနာများထားရှိရာ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြရသော စည်ပင်သာယာမှ တာဝန်ရှိဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ စုစုပေါင်း ၁၆၀၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၀ တို့အတွက် အလှုရှင်များမှ လှူဒါန်းထားသော ဆန်(၆)ပြည်ပါ ဆန်အိတ်အလုံး (၂၀၀)နှင့် M-PRIDE ကုမ္ပဏီမှ လှူဒါန်းထားသော မုန့်မျိုးစုံနှင့် ဆီဘူး (၂၀၀)တို့အား ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် အလှူရှင်များက ယနေ့နံနက်က လှိုင်မြို့နယ်စည်ပင်သာယာရုံးတွင် စည်ပင်ဝန်ထမ်းများ လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အလှူရှင်များမှ လှူဒါန်းပေးခြင်းဖြင့် လှိုင်မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားရှိသော Stay at Home ကာလတွင် စည်ပင်သာယာနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ မိသားစုများအနေဖြင့် စားသောက်ရေးအတွက် အခက်အခဲမရှိ တတ်နိုင်သမျှ အဆင်ပြေစေရန် ရည်ရွယ်ပြီး တစ်ဖက်တစ်လမ်းမှ တတ်အားသရွေ့ ပါဝင်ကူညီ လှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်( ပြန်/ဆက်)