မြဝတီ ၁၀ စက်တင်ဘာ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၈၄ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ယနေ့တွင် ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက် မှ ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက် မှ ၁၀ ရက်နေ့အထိ ၅၀၃၈ ဦး စုစုပေါင်း ၇၆၂၀၁ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူ များမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၁၀၆ ဦး စုစုပေါင်း ၂၈၄ ဦးဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


