နေပြည်တော် စက်တင်ဘာ ၂၀
စပါးစိုက်ဧကများ၊ ဥယျာဉ်ခြံများအား ဆည်ရေပေးဝေရာတွင် တောင်သူများ အကျိုးပြုစေရေး အလေးထားဆောင်ရွက်ရန်၊ ရေလှောင်တမံ ခံနိုင်ရည်ပေါ်မူတည်၍ ရေသိုလှောင်နိုင်သည့် ပမာဏကို အမြဲမပြတ်စစ်ဆေးတွက်ချက်ကာ ရေထုတ်ပြွန်များဖြင့် စနစ်တကျ ရေပိုလွှဲထုတ်နိုင်ရေး ဆောင်ရွက်ရန်၊ နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ဆည်ရေအား ပြည့်ဝစွာပေးဝေနိုင်ရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။
မုဒုံမြို့ အဇင်းရေလှောင်တမံမှ စိုက်ပျိုးရေ ပေးဝေနေသည့် အခြေအနေနှင့် မြို့ရေပေးဝေနေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဇင်းရေလှောင်တမံသည် စပါးစိုက်ဧက (၂၀၀၀)၊ ဥယျာဉ်ခြံ ဧက (၁၀၃၈) ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး မြို့ရေပေးဝေရေးအနေဖြင့် တစ်ရက်လျှင် ရေဂါလန်သန်းပေါင်း (၁ ဒသမ ၄) ဂါလန် ပေးဝေလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့နယ်၊ တော်ကူးကျေးရွာ Rs,Cs စပါး မျိုးကောင်း၊ မျိုးသန့် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက် (၅၁)ဧက ဖော်ဆောင်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုရာ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးက မျိုးသန့်မျိုးစေ့များ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာအာဟာရ ဓါတ်ပါဝင်မှု စစ်ဆေးပြီး မြေဩဇာထောက်ခံချက်ပေးခြင်း၊ ပိုးမွှားရောဂါဆိုင်ရာ ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး နွေစပါး အပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွား ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ပေါ်ဆန်းရင်စပါးအမျိုးအစားကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက် (၁၅၁)ဧက စိုက်ပျိုးထားရှိကာ မျိုးကောင်း၊ မျိုးကောင်းမျိုးသန့်များအား တောင်သူများထံ ဖြန့်ဝေခြင်း၊ အလေအလွင့် နည်းပါးစေရန်နှင့် အရည်အသွေး ကောင်းမွန်သော မြေဩဇာများ စနစ်တကျ အသုံးပြုစေခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာများဖြန့်ဝေကာ ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအပြင် ကုန်ထုတ်သမဝါယမအသင်းများနှင့် ပေါင်းစပ်၍ မျိုးစေ့ထုတ်တောင်သူများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်